ဒီစာကိုရေးမယ်လို့ စဉ်းစားမိတဲ့အချိန်ဟာ မတ်လ၂ရက်နေ့ ဖြစ်နေပါတယ်..။ မြန်မာနိုင်ငံမှာ တောင်သူလယ်သမား အစည်းအရုံးနဲ့.. တောင်သူလယ်သမားအစည်းအဝေးကို ရန်ကုန်မြို့ ရွှေတိဂုံခြေတော်ရင်းမှာ ကျင်းပဖူးခဲ့ပါတယ်..။ အဲဒီသမိုင်းအရ အစဉ်အလာကြီးမားတဲ့ နေ့မှာ နှောင်ကြိုးမဲ့ ဘ၀များဆိုတဲ့ စကားနဲ့.. ကျွန်တော် ဒီစာကိုရေးဖြစ်ပါတယ်..။ သမိုင်းထဲက ဘ၀တွေနဲ့.. ဒီကနေ့တောင်သူ လယ်သမားတွေ အလုပ်သမားတွေ အခြေအနေနဲ့ တိုးတက်ဖြစ်ထွန်းလာမှု ဒါမှမဟုတ်.. မရွေ့ခဲ့တဲ့ ကျောက်တုံးအကြောင်းကို ဥာဏ်မှီသမျှ ဖတ်ဖူးမှတ်သားဖူး သမျှလေးလောက်ကို ပြန်လည် သုံးသပ်ကြည့်တဲ့အနေနဲ့ပေါ့..။

ဒီနေ့မတိုင်ခင် တစ်လလောက်က ကျွန်တော် စိတ်ဝင်စားဖွယ် အလုပ်ရုံဆွေးနွေးပွဲနှစ်ခု တက်ခဲ့ပါတယ်..။ မတောက်တစ်ခေါက် စာပေရေးသားသူ တစ်ယောက်နဲ့ မိမိသိမှုခံစားမှုကို ချဲ့ထွင်တဲ့ အနေနဲ့.. အဲဒီအလုပ်ရုံဆွေးနွေးပွဲ တွေကို တက်ခဲ့တာပါ..။ ပထမဆွေးနွေပွဲက လယ်ယာမြေသိမ်းခံရတဲ့ လယ်သမားတွေရဲ့ ပြဿနာကိုဥပဒေ လမ်းကြောင်းအရ ဖြေရှင်းဖို့ ကြိုးစားတာပါ..။ အဲဒီနေရာမှာ ပြောစရာတစ်ချက်ရှိတာက … ကျွန်တော်တို့ လယ်သမားတွေ သူရင်းငှားတွေက ကိုလိုနီခေတ်ကတည်း ကြိုးစားပမ်းစား တောင်းဆိုလာတဲ့အချက်တစ်ခု ရှိပါတယ်..။ အဲဒါက ဘာလည်းဆိုတော့ လယ်လုပ်သူ လယ်ယာပိုင်ခွင့်ရရေးပါ…။ လယ်ယာမြေ ဝေခြမ်းရေး ပြဿနာဟာ နိုင်ငံတိုင်းမှာလည်း ကူးပြောင်းဖို့ အဖုအထစ်ဖြစ်ပြီး အကူးအပြောင်းမှာ အမြဲတမ်းနာကျင်ခံစားခဲ့ရတတ်တယ် ပြဿနာရပ်ပါ..။ ကျွန်တော်တို့က အခုထက်ထိ အဲဒီအကူးအပြောင်းကို ဖုထစ်ခက်ခဲနေဆဲပါပဲ..။ ကျွန်တော် လွန်ခဲ့တဲ့ နှစ်တွေက မြစ်ဝကျွန်းပေါ်ဘက်မှာ အရိပ်ရသစ်ပင်တွေကို… မိတ်ဆွေတချို့ရဲ့ စိမ်းလန်းစိုပြေရေးအဖွဲ့အစည်း တစ်ခုနဲ့သစ်ပင်သွားစိုက်ဖြစ်ခဲ့ပါတယ်..။ ကျွန်တော့်မိတ်ဆွေက လယ်သမားတွေဘ၀က ကိုလိုနီခေတ်ကထက် သိပ်မထူးခြားသေးဘူး လို့ပြောပါတယ်..။ ကျွန်တော့် ကနည်းနည်း အထွန့်တက်လိုက်တယ်… မထူးဘူးဗျ ယမထာရွှေကျိန်လုံးနဲ့ ထွန်တုံးကို ခြေတော်တင်တုန်းဆိုတော့ ပုဂံခေတ်လောက်ကတည်း ကအတိုင်း ထိမ်းသိန်းထားတာများလားမှ မသိတာလားလို့ ပြန်ပြောမိသေးတယ်..။ တကယ်လည်း လယ်သမားများ သူရင်းငှားများရဲ့ ဘ၀ဟာ ရွှံ့ထဲဗွက်ထဲမှာ နွားနဲ့အတူဆွဲ ကျွဲနဲ့အတူရုန်းနဲ့.. လုပ်ငန်းခွင် တိုးတက်မှုဟာ တရုတ်နီအင်ဂျင် ဆူဆူညံ့ညံ့နဲ့ ထော်လာဂျီအစုတ်လေးတွေကို ရံဖန်ရံခါ တက်ခွရသလောက်ပါပဲ ရှိနေပါသေးတယ်..။ စက်မှုလယ်ယာဠာနကို အလုပ်သမားလယ်သမားကို အခြေခံခဲ့တဲ့ ဆိုရှယ်လစ် အစိုးရခေတ်ကတည်းက ဖွင့်လှစ်ခဲ့ပေမယ့် စက်မှုလယ်ယာဘ၀ကိုတော့ဖြင့် မြန်မာ့လယ်သမားကြီးတွေ ပီပီပြင်ပြင် မရောက်ရှိနိုင်ခဲ့ဖူးဆိုတာ ကျွန်တော်တို့ မျက်ဝါးထင်ထင်တွေ့နေရတုန်းပါပဲ..။

၂၀၀၈ ခုနှစ်မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်တစ်ရပ် ပြဠန်းရေးဆွဲပြီး ကျွန်တော်တို့ ပါတီစုံနိုင်ငံရေး စနစ်တစ်ရပ်ကို ကျွန်တော်တို့ နိုင်ငံအနေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်..။ သိုပေမယ့်လည်း ..နိုင်ငံတော်သာ မြေယာအားလုံး၏ မူရင်းပိုင်ရှင်ဖြစ်သည်လို့ ပြဠန်းထားပါတယ်..။ အခြေခံကျတဲ့ ပြဠန်းချက်ပါ.. သို့ပေမယ့်လည်း.. အဲဒီပြဠန်းချက်ဟာ လယ်သမားတွေကို မိမိထွန်ယက်လုပ်ကိုင် တဲ့ လယ်မြေတွေ.. မိသားစုဝမ်းရေးအတွက် ပလပ်မြေတွေကို ခုတ်ထွင်ရှင်းလင်းပြီး စိုက်ပျိုးမြေပြုလုပ်ထားတဲ့ လယ်ယာလုပ်သားတွေကို… ကော်ပိုရေးရှင်းများ အစိုးရနဲ့တိုင်းတစ်ပါးသား အကျိုးအမြတ် စီမံကိန်းတွေအတွက် သူတို့ချွေးနဲ့သွေနဲ့ မိသားစုဘ၀တွေနဲ့ လုပ်ကိုင်ရင်းနှီးထားတဲ့ လယ်မြေယာမြေတွေကနေ မောင်းထုတ်ဖို့အတွက် လက်နှက်အဖြစ် အသုံးချမယ်ဆိုရင် အစိုးရဟာ ဥပဒေကို တရားမျှတစွာကျင့်သုံးပါရဲ့လား ဆိုတဲ့မေးခွန်းထွက်ပေါ်လာမှာပါ..။ ၁၉၃၀ လောက်က ကမ္ဘာစီးပွားပျက်ကပ် မတိုင်ခင် အမေရိကလယ်ယာမြေ အကျပ်အတည်းတွေ ဖြစ်ခဲ့တယ် အဲဒီအချိန် မြန်မာပြည်က လယ်သမားတွေလည်း စပါးဈေးထိုးကျလို့ လယ်မြေအပ်လိုက်ရတဲ့ အဖြစ်အပျက်မျိုးတွေ.. သီးစားခ၊ လယ်ခွန်၊ယာခွန် တနင့်တပိုးတွေနဲ့… လယ်သမားတွေဟာ သူတိုလယ်တွေကို ငွေပွဲစားတွေလက်ကို ထိုးအပ်ခဲ့ရပါတယ်..။ စက်မှုလယ်ယာတည်ဆောက်ဖို့ လယ်ယာတွေကို ကော်ပိုရေးရှင်း လက်ထိုးအပ်ချိန်မှာ မြေဇာပင်ဖြစ်ခဲ့ရတဲ့ လယ်မဲ့ယာမဲ့ လယ်သမားတွေဘ၀ မြို့ကြီးတွေမှာ ကြုံရာကျပန်းအသက်မွေးဝမ်းကျောင်းဖို့ တိုးဝင်သွားကြရတဲ့ ကမ္ဘာ့အာဟာရဖန်တီးသူတွေဟာ လူမှုရေးဘ၀ယိုင်လဲ အားနည်းမှုတွေနဲ့ပါ ကြုံတွေခဲ့ကြတော့ပါတယ်..။

အဲဒီလိုပြောလို့ ကျွန်တော်တို့ဟာ တိုးတက်မှုအတွက် ရင်းနှီးရတဲ့အရင်းအနှီးကို ငြင်းပယ်ဆန့်ကျင်တဲ့ အခြားဘက်က တွေးခေါ်နေကြတာမဟုတ်ပါဘူး … ကျွန်တော်တို့ ဒီနေ့ခေတ်ဟာ မြေရှင်ပဒေသရ်ဇ်ခေတ်ကနေ.. ကမ္ဘာပြုမှုခေတ်သစ်အထိ လူသားယဉ်ကျေးမှုသမိုင်းခေတ် တွေကိုဖြတ်သန်းပြီးပါပြီ.. ဒါပေမယ့် ဖွံ့ဖြို့မှုတန့်ရပ်ခဲ့တဲ့ ကမ္ဘာအရပ်ဒေသတချို့ဟာတော့ သမိုင်းဦးဘုံမြေခေတ်ကနေ မထွက်ခွာရသေးပါဘူး..။ အကူးအပြောင်းတွေအတွက် ချော့မွေ့ငြင်သာမယ့် နည်းလမ်းမျိုးတွေကို ကျွန်တော်တို့ ရှာဖွေဖန်တီးသင့်နေပါပြီ..။ ၂၀၀၉ ခုနှစ်တုန်းက မြန်မာ့ဆန်စပါး အထွက်နှုန်းကို တိုင်းတာ ထားတဲ့.. စာရင်းတစ်ခု အမှတ်မထင်ဖတ်ရဖူးပါပါတယ်.. မြန်မာ့ဆန်စပါး အထွက်နှုန်းလျှော့ကျလာတာဟာ ကိုလိုနီခေတ်ကတည်းက စလိုက်တာ ၂၀၀၉ ခုနှစ်ဟာ အဆိုးဆုံးနှစ်ဖြစ်နေတာကို ကိန်းဂဏန်းများအရ တွေ့ရှိလိုက်ပါတယ်.. တစ်ချိန်က မြန်မာ့ဆန်စပါးဟာ ကမ္ဘာ့နိုင်ငံတော်တော်များများ ကိုတင်ပို့နိုင်ခဲ့ဖူးပါတယ်.. ဒါပေမယ့် အဲဒီဈေးကွက်ကို ဗီယက်နမ်၊ထိုင်းနဲ့.. အမေရိကန်တို့ပဲ ယှဉ်ပြိုင်နိုင်စွမ်းရှိပါတယ်တော့ မြန်မာဟာ ဆန်တင်ပို့တဲ့နိုင်ငံဖြစ်ပေမယ့်… ဈေးကွက်မှာတော့ မျက်နှာပန်းလှတဲ့အနေအထားမျိုး မရှိခဲ့တာကြာခဲ့ပါပြီ..။

လယ်ယာထွက်ကုန်တွေ ကျဆင်းခဲ့တဲ့အကျိုးဆက်က လယ်သမားယာသမားတွေကို မြိုကြီးပြကြီးတွေကို တခြားအသက်မွေးဝမ်းကျောင်းတွေ လုပ်ကိုင်ဖို့အတင်းအကျပ် တွန်းပို့ခဲတဲ့ အနေအထားတွေရောက်လာခဲ့ပါတယ်…။ သူတို့ဟာ မြို့ကြီးတွေဆီရဲ့မလွယ်ပေါက်ကို ရောက်ဖို့နိုင်ငံနယ်နမိတ်တွေ တောင်တွေပင်လယ်တွေကျော်ပြီးသွားရောက် ခဲ့ရပါတယ်..။ သူတို့က ကမ္ဘာတစ်နေ့ချင်း တစ်ရက်ချင်းကို စိုရိမ့်ထိတ်လန့်မှုပေါင်းများစွာနဲ့ ရင်ဆိုင်ဖြတ်သန်းရတဲ့ ရွှေ့ပြောင်း လုပ်သားတွေ ဖြစ်လာခဲ့ပါတယ်..။ ကဗျာဆရာလှသန်းကတော့ အဲဒီအဖြစ်ကို အာရှကျားတွေ ကြီးထွားဖို့အရေး ခိုင်းနွားတစ်ကောင်လို လုပ်အားပေးခဲ့ရတယ်လို့ ဖွဲ့ခဲ့ဖူးပါတယ်..။ တကယ်တော့ ရွာလုံးကျွတ်အမျိုးသားတွေဟာ မလေးရှားသွား အလုပ်လုပ်တယ် ဆိုတဲ့အဖြစ်အပျက်မျိုးတွေ မြန်မာပြည်ကျေးလက်တွေမှာ ပြီးခဲ့တဲ့ နှစ်နှစ်ဆယ်အတွင်းမှာ ဖြစ်ပျက်ခဲ့ပါတယ်..။ ကျွန်တော်တို့ တောင်သူဦးကြီးများရဲ့ ဘ၀ကတော့ ဘယ်အစိုးရဘယ်ခေတ် မှာမဆို မစားရ၀ခမန်း ပျားရည်နဲ့ဝမ်းချတာမျိုးတွေလောက်သာ ကျေနပ်ခဲ့ရပါတယ်.. ။ လယ်သမားတွေ လယ်ယာမြေပိုင်ဆိုင်ခွင့် လုပ်ငန်းခွင်တိုးတက်ခွင့် အတွက်ကာကွယ်မှုတွေအတွက် အစည်းအရုံးတွေမရှိပဲ…။ ကုန်သည်လုပ်ငန်းရှင်များအကျိုးအတွက် ကုန်သည်ကြီးများအသင်းတွေသာ အစိုးရနဲ့အာဏာပိုင်နဲ့ ပလဲနံပသင့်ပြီ အရေးပေး အလေးထားခံခဲ့ရတဲ့ နှစ်ကာလတွေမှာ လယ်သမားတွေဘ၀ကတော့ လယ်ထွန်ရင်းထမင်းကြမ်းခဲကို နပ်မမှန်တဲ့ ခက်ခဲမှုတွေ… သဘာဝဘေး၊ မင်းဆိုးရာဇာဘေး၊ ကုန်သည်ပွဲစားရန် နဲ့ ဘ၀မနက်ဖြန်တွေဟာ တိုးတက်ရန်မရှိအခြေအနေတွေ မရင်ဆိုင်ရဖို့ ကျွန်တော်တို့ဟာ … သူတို့ရဲ့ တန်ဖိုးတွေ သူတို့ရဲ့လုပ်အားတွေ သူတို့ရဲ့ ရပိုင်ခွင့် တွေကိုတန်ဖိုးထား ထိန်းသိမ်းဖို့ ဂရုပြုဖို့လိုအပ်နေပါပြီ.။

နောက်တစ်ခုကတော့ ကျွန်တော်တို့… အလုပ်သမားတွေရဲ့ဘ၀မှာ ပြင်သစ်သမ္မတ ဂျက်ရှီးယက်ရဲ့ စကားတစ်ခွန်းကို ကျွန်တော် အမှတ်ရနေတာ ရှိပါတယ်..။ အဲဒါကတော့ ငွေဝယ်ကျွန်နေ့မှာ အမှတ်တရပြောခဲ့တာပါ.. ပြင်သစ်နိုင်ငံဟာ သမိုင်းထဲက ငွေဝယ်ကျွန်တွေအပေါ် အကျိုးအမြတ်ယူခဲ့မှုအပေါ် ၀မ်းနည်းမိတဲ့အကြောင်းနဲ့ ခေတ်ပေါ်ကျွန်စနစ်တွေကိုလည်း တိုက်ဖျက်သွားဖို့ သူကြိုးစားမယ် ဆိုတဲ့အကြောင်းလေးပါ..။ ငွေဝယ်ကျွန်စနစ်ကို ကမ္ဘာပေါ်မှာ အမေရိကန်သမ္မတကြီး အေဗရာဟင်လင်ကွန်းက ဖျက်သိမ်းခဲ့ပါတယ်..။ ဒါပေမယ့် ကမ္ဘာပေါ်မှာ ခေတ်ပေါ် ကျွန်ပြုမှု ပုံစံအမျိုးအစားတွေ အများကြီးဖြစ်ပေါ်နေတုန်းပါပဲ.။ အလုပ်သမားနဲ့ ကျေးကျွန်ကို တစ်တန်းထဲ ထားချင်တဲ့ လုပ်ငန်းရှင်တွေ ရေပ်ါဆီလူပေါ်ကျော့ လူချမ်းသာ လူတန်းစားတွေဟာ ရှိနေတုန်းပါပဲ..။ ၂၀၁၂ ဖေဖော်ဝါရီလ ၆ရက်နေ့မှာ ရန်ကုန်မြို့ လှိုင်သာယာ စက်မှုဇုန်က တိုင်ရီဖိနပ်စက်ရုံက အလုပ်သမားတွေ သပိတ်မှောက်ဆန္ဒပြပါတယ်.. သူတို့ဟာ တောင်းဆိုတာက လုပ်ခလစာစရိတ်ကို ခေတ်နဲ့လိုက်လျောညီထွေ ဖြစ်အောင် တောင်းဆိုတာပါ.. ပြီးတော့ သူတို့ရဲ့ လူမှုဘ၀လုံခြုံတိုးတက်ရေးကို တောင်းဆိုတာပါ.. သူတို့တောင်းဆိုတဲ့အချက်ဟာ တစ်နာရီ လုပ်ခ ၇၅ကျပ်ကနေ တစ်နာရီလုပ်ခ ၁၅၀ ကျပ်ရဖို့အရေးပါ.. အဲဒီတောင်းဆိုချက်ကလေးကို သူတို့ဟာ သပိတ်မှောက်ဆန္ဒပြပြီးတော့ တောင် တောင်းဆိုနေခဲ့ရတယ်ဆိုရင် သူတို့ဘ၀အခြေအနေဟာ ဘယ်လောက်တောင် ဖိနှိပ်အနိုင်ကျင့် ခေါင်းပုံဖြတ်ခံနေရလည်း ဆိုတာ ကျွန်တော်အနေနဲ့မတွေးဝံ့ရဲ စရာဖြစ်နေပါတယ်..။ ဒီနေ့ခေတ်က ကော်လံဖြူတွေ ပညာတတ် လူတန်းစားတွေ မီးခိုးတိတ် ထုတ်လုပ်မှုတွေအားကြီးနေတာမို့.. အလုပ်သမားလူတန်းစားတွေရဲ့ … နာကျင်ဆွံ့အနေရတဲ့ ခံစားမှုကို နားလည်ကြပါ့မလား.. အဲဒီအလုပ်သမားတွေဟာ နယ်စပ်ဖြတ်ကျော်လာတဲ့ နိုင်ငံတကာ ကော်ပိုရေးရှင်းတွေရဲ့ ခေါင်းပုံဖြတ်မှုကြောင့် သူတို့ရဲ့ ဘ၀တွေ အချိန်တွေ လုပ်အားတွေပါ ဆုံးရှုံးခံစားနေရပါတယ်… ။ ကျွန်တော်တို့ရဲ့ အံ့သြဖွယ် ပြည်ထောင်စုမှာ အာဏပိုင်တွေဟာ နိုင်ငံတကာကော်ပိုရိတ်ရဲ့ စီးအီးအိုတွေဆီက မျက်နှာသာရဖို့အရေး ကို ကိုယ်တိုင်းပြည်ရဲ့ အလုပ်သမားတွေရဲ့ ဘ၀ခံစားချက်လောက်ကို ခေါင်းထဲထည့် စဉ်းစားမနေပါဘူး..။ ဘာကြောင့်လည်း ဆိုတော့ အလုပ်သမားတွေကို အခြေခံ လုပ်ခ လစာကိုသတ်မှတ်ပြဠန်းပေးဖို့ကို အလုပ်ရှင်နဲ့ပဲ အလုပ်သမားပဲ ငြိကြပါ ဆိုပြီး အလုပ်သမားရေးရာ တာဝန်ရှိသူတွေက ခေါင်းရှောင်သွားခဲ့ပါတယ်..။ ခြစားမှုတွေ.. အများကြီးနဲ့ နိုင်ငံမှာ အလုပ်သမားထုအတွက် အမှန်တရားဟာ ဘယ်တရားရေး တိုက်ပွဲမှာမှ အနိုင်မရနိုင်တော့ပါဘူး..။ ဒါဟာ သိပ်သေချာလွန်း တဲ့အခြေအနေမှန်ပါပဲ.. ။ အလုပ်သမားတွေက သူတို့တောင်းဆိုနေတာ ဇိမ်ခံနိုင်ဖို့မဟုတ်ပါဘူး ..သူတို့တောင်းဆိုနေတာ အသက်ရှင်ရပ်တည်မှုကို လောက်ငအောင် အထောက်အပံ့ဖြစ်အောင် ဆင်းရဲကျပ်တည်းမှုကို ချူပ်တည်းထိန်းသိမ်းနေရတဲ့ ကြားက ဘယ်လိုမှဆက်လက် သည်းခံနိုင်စွမ်းမရှိလို့ ပေါက်ကွဲထွက်လာခဲ့ရတဲ့ ပြဿနာတစ်ရပ် ဖြစ်ပါတယ်..။ အလုပ်ရှင်အနေနဲ့ကတော့ အလုပ်သမားတွေဘ၀ ဖူလုံဖို့ထက် သူ့ခေါင်းပုံဖြတ် အမြတ်ငွေတွေ ဆထက်တပိုး တိုးတက်ဖို့ကိုပဲ စဉ်းစားပြီး.. ဒေသအာဏာပိုင်တွေကို လာဘ်လာဘပံ့ပိုးဖို့ပဲ ရွေးချယ်ကြမှာ..။ ဒါဟာ စွပ်စွဲတာဖြစ်ကောင်း ဖြစ်နိုင်ပါတယ်..။ ဒါပေမယ့် ဒီအတိုင်း ဖြစ်သွားမှာက .. မြန်မာ့နိုင်ငံမှာ ဖြစ်တည်နေတဲ့ အခြေအနေအရတော့ မှန်ကန်တဲ့နည်းလမ်းပါပဲ..။ အဲဒီအလုပ်သမားတွေဟာ အိမ်နဲ့မိုင်းပေါင်းများစွာ အဝေးကြီးကနေ.. သူတို့ မိသားစုနှောင်ကြိုးတွေအတွက်.. တစ်ရပ်တစ်ကျေးဆီမှာ ခေါင်းပုံဖြတ် အနိုင်ကျင့်ခံရပြီး ရုန်းကန် လှုပ်ရှားနေကြရတဲ့သူတွေပါ… နှစ်ပေါင်းများစွာကြာလာခဲ့တဲ့ အခါမှာတော့ သူတို့ မိသားစုနှောင်ကြိုးတွေတောင် စွန့်လွှတ် ဆုံးရှုံးခဲ့ရတဲ့ နှောင်ကြိုးမဲ့ လူသားတွေဖြစ်လာခဲ့ပါတယ်..။ အသက်တွေကြီး … ကျန်းမာရေးဆောင့်ရှောက်ခံရမှုကင်းမဲ့ အိုနာစာရံပုံငွေမရှိ ပင်စင်မရ.. လုပ်သက်အကျိုးခံစားခွင့် ဘာမှမရှိ နောက်ဆုံးကျရင်တော့ သူတို့ရဲ့လုပ်အားကို ဂုတ်သွေးစုပ်လို့ မရတော့တဲ့အခါ ..သူတို့ရဲ့ ဘ၀တွေကို စက်ရုံပြင်ပမှာ ဘေးမဲ့ပေးခံရမယ့် အဖြစ်ဆိုးမျိုးသူတို့ ရင်ဆိုင်ရပါလိမ့်မယ်..။ သူတို့ဟာ ကော်ပိုရေးရှင်းများနဲ့ အကျင့်ပျက် အုပ်ချုပ်သူတွေကြားမှာ နှောင်ကြိုးတွေပါ ဖြတ်တောက်ခံခဲ့ရတဲ့.. ခေတ်ပေါ်ကျွန်ပြု ဂုတ်သွေးစုပ်တဲ့ စနစ်ဆိုးနဲ့ ရင်ဆိုင်နေကြရတာပဲ ဖြစ်ပါတယ်..။

ကျွန်တော်တို့ဟာ ဖွံ့ဖြိုးမှုနောက်ကျတဲ့ နိုင်ငံမှာနေရတဲ့ ပြည်သူတွေဖြစ်ပါတယ်.. ကျွန်တော်တို့ အတွေးအမြင်တွေဟာ ကမ္ဘာကြီးကို အရောင်စုံမြင်တတ်ပါတယ် .. အထက်ပါ အကြောင်းအချင်းအရာတွေအတွက် ကျွန်တော်တို့ ဖြေရှင်းနိုင်မယ့် တတိယနည်းလမ်းကို ရှာဖွေရမှာပါ..။ ကျွန်တော်အနေနဲ့ ကွန်မြူနစ်စနစ်ရဲ့ အားနည်းချက် အားသာချက်တွေကို လေ့လာခဲ့ဖူးတယ် အရင်းရှင်းစနစ် … စီးပွားရေးသစ် စစ်မျက်နှာတွေကိုလည်း လေ့လာနှစ်ခြိုက်ခဲ့သူပါ..။ ကျွန်တော်ဟာ မာစ့်တို့ အိန်ဂျယ်တို့ဝါဒကို..သဘောကျသလို အဒမ်စမစ်၊ ဂျွန်မေနပ်ကိန်းတို့ရဲ့ အတွေးအမြင်ကိုလည်း သဘောကျပါတယ်.။ တရုတ်ကွန်မြူနစ်ပါတီရဲ့ ရင်းနှီးမြုပ်နှံမှု ဒီမိုကရေစီကို သဘောကျသလို… အမေရိကန် သူဠေးတွေ ဖြစ်တဲ့ ၀ါရင်းဘက်ဖတ် ၊ ဘီဂိတ်တို့ရဲ့ လူမှုရေးကွန်မြူနတီကူညီကယ်ဆယ်ရေး ပိုက်ကွန်တွေကိုလည်း နှစ်ခြိုက်ပါတယ်..။ ဒီကြားထဲကမှာ ဒီကမ္ဘာကြီးထဲမှာ ဘယ်သူသေသေ ငတေမာ ပြီးရောဆိုတဲ့ ငွေကိုနတ်ဘုရားလို ကိုးကွယ်ပြီး.. တခြားလူမှု ဘ၀တွေကို စာနာမှု ကင်းမဲ့စွာအနိုင်ကျင့် စိုးမိုးချင်တဲ့ လူတန်းစားတွေရှိနေမှာကို အဖြစ်မှန်သဘောတရားအရ လက်ခံနေရပါမယ်..။ ဒါပေမယ့် ကျွန်တော်တို့ နေထိုင်သွားတဲ့ ကမ္ဘာကြီးကို ပိုမို ကောင်းမွန်ကျန်စေချင်ခဲ့ပါတယ်… အားလုံးကို မတတ်နိုင်ပေမယ့် တတ်နိုင်တဲ့ဘက်က ပြောဆိုဆွေးနွေးမျှဝေကြည့်တာပါ…။ တာဝန်ရှိသူတွေ တာဝန်သိပြီး အကောင်အထည် ဖော်နိုင်ရင် အကောင်းဆုံးဖြစ်မှာပဲလို့ မျှော်လင့်ရင်း…။

အောင်ပိုင်စိုး

မဇ္ဈိမဒေသ ၌ အလောင်းတော်မင်းသား ဖွားမြင်ချိန်ကာလတွင် သစ္စာတရားနှင့် ယင်းကိုရှာဖွေရာတွင် ၀ါဒပေါင်းများစွာ ဖြစ်ထွန်းပေါ်ပေါက်လျှက် ရှိကြ၏ ။ ၀ါဒပေါင်းများစွာအနက် ၆၂ ပါးသော ၀ါဒများကို ဒီဃနိကာယ် ဗြဟ္မာဇာလသုတ်၌ ဖော်ပြထားသည်ကို တွေ့ရ၏ ။ အသိဥာဏ်နယ်ပယ်၌ သစ္စာတရားနှင့် သော်လည်းကောင်း ၊ ယင်းကို ရှာဖွေတွေ့ရှိရေး နှင့် သော်လည်ကောင်း ပက်သက်သော ကြိုးပမ်းမှုများသည် ရုတ်ရုတ်သဲသဲ ဖြစ်ပေါ်လျှက် ရှိကြ၏ ။ ထို့အပြင် တွေးခေါ်ရှင်တို့ သည် ဤ သို့သောမေးခွန်းများကို မေးမြန်းကြလျက် ရှိကြ၏ ။ ။

` တမလွန်လေက ရှိသလား၊ သို့မဟုတ် မရှိဘူးလား ´

` သေပြီးနောက်အသက်ဝိဥာဉ် ရှိသလား၊ သို့မဟုတ် မရှိဘူးလား ´

` ကံဟူသည် ရှိသလား၊ သို့မဟုတ် မရှိဘူးလား ´

` ကံ၏ အကျိုးသည် ရှိသလား၊ သို့မဟုတ် မရှိဘူးလား ´

ဤသို့ စသည်ဖြင့် ဘာသာရေးနှင့် ပက်သက်သော မေးခွန်းများစွာကို မေးခဲ့ကြ၏ ။ ထိုမေးခွန်းများ၏ အဖြေများကိုလည်း ရရှိနိုင်ရန် ကြိုးပမ်းခဲ့ကြ၏ ။

ကြိုးပမ်းသူများကို အုပ်စုဖွဲ့လိုက်သော် အုပ်စုနှစ်စုကို ရ၏ ။ သမဏအုပ်စုနှင့် ဗြာဟ္မဏအုပ်စုတို့ ဖြစ်ကြ၏ ။ သမဏအုပ်စုသည် ဝေဒ၏ အဆိုအမိန့်များကို လက်မခံသော အုပ်စုဖြစ်၏ ။ ထို့ကြောင့် သမဏအုပ်စု ကို `အဝေဒိက´ ဟူ ၍ဆို၏ ။ သာမဏတို့သည် ဝေဒလမ်းစဉ်ဖြစ်သော ယဇ်ပူဖော်မှုကို လုံးဝလက်မခံ။ သမဏတို့၏ အမြင်၌ ယဇ်ပူဇော်မှုသည် အကျိုးမရှိ ။ အကယ်၍ ရှိသည် ဆိုလျှင်လည်း သစ္စာနှင့်မပက်သက်သော အကျိုးသာ ရှိချင်ရှိမည်။

သမဏတို့ ယုံကြည်သော လမ်းစဉ်ကား `တပ´ လမ်းစဉ်ဖြစ်၏ ။ တပသည် အမျိုးမျိုး ရှိ၏ ။ သို့ရာတွင် တပ ဟူသမျှသည် ကိုယ်ခန္ဓာကို ညှဉ်းဆဲမှု `အတ္တကိလ မထာနုယောဂ´ ကျင့်စဉ် ၌ ၀င်သည်ချည်း ဖြစ်၏ ။ ထိုခေတ်က သမဏတို့သည် ယနေ့ခေတ် ဝေါဟာရဖြင့် ဆိုရလျှင် ဘာသာရှိ သဘောကို ဆောင်သည်လည်း ရှိ၏ ။ ဘာသာမဲ့ သဘောကို ဆောင်သည်လည်း ရှိ၏ ။ သို့ရာတွင် မည်သည့် သဘောကို ဆောင်ဆောင် သမဏတို့သည် ဗြဟ္မာ သို့မဟုတ် ထာဝရဘုရားကို မယုံကြည်သူများ ဖြစ်ကြ၏ ။

ထိုခေတ် ဝေါဟာရဖြင့် `ဘာသာရှိ´ ကို `အသ္တိက´ ဟုဆို၏ ။ `ဘာာသာမဲ့´ ကို `နာသိတ္တက´ဟုဆို၏ ပါဏိစ္စဆရာ၏ အလိုအားဖြင့် ဆိုရလျှင် တမလွန်ရှိသည်ဟု ယုံကြည်ပါက အသ္တိက မည်၏ ။ တမလွန် မရှိဟု ယုံကြည်ပါက နာသ္တိက မည်၏ ။ ထိုသို့လျှင် သစ္စာတရားနှင့် ပက်သက်၍ သော်လည်းကောင်း အမြင်ချင်း၊ ကျင့်ကြံမှုချင်း မတူသော အုပ်စုနှစ်စု သို့မဟုတ် ဂိုဏ်းနှစ်ဂိုဏ်းသည် အစ မသိလောက်သော ကာလမှစ၍ မဇ္ဈိမဒေသ၌ အပြိုင်ဖြစ်ထွန်း ပေါ်ပေါက်လျက် ရှိကြ၏ ။ အပြိုင်ဆိုသည့်အတိုင်း အချင်းချင်းပြိုင်လျက် ရှိကြ၏ ။ အချင်းချင်း ပြိုင်ရင်းကပင် တစ်ဂိုဏ်းက တစ်ဂိုဏ်းအပေါ် အထိုက်အလျောက် သြဇာသက်ရောက်လျက်ရှိ၏ ။

ထိုဂိုဏ်း နှစ်ဂိုဏ်းတို့တွင် သမဏဂိုဏ်းသည် အိမ်ရာမထောင်သော ဂိုဏ်းဖြစ်၏ ။ ဗြာဟ္မဏဂိုဏ်းသည် အိမ်ရာထောင်သော ဂိုဏ်းဖြစ်၏ ။ သမဏဂိုဏ်းက ဦးပြည်းဖြစ်၍ ဗြာဟ္မဏဂိုဏ်းက ဆံပင်နှင့်ဖြစ်၏ ။ သမဏဂိုဏ်း သည်သစ္စာကို ရှာဖွေမှု ၌ဆရာထား၏ ။ ဆရာ၏လမ်းညွှန်မှု အတိုင်းလိုက်နာကြ၏ ။ ထိုကြောင့် သမဏတို့သည် ဂိုဏ်း သို့မဟုတ် သင်္ဃာနှင့် အစုအဝေးအလိုက် နေထိုင်ကြ၏ ။ ဗြာဟ္မဏတို့သည် ထိုကဲ့သို့ မနေထိုင်ကြ ။ ဝေဒဓမ္မ၏ လမ်းညွှန်မှု အတိုင်း လိုက်နာကြ၏ ။ မန္တန်ကို ရွတ်ကြ၏ ။ ဗြဟ္မာ၏ ဂုဏ်တော်ကို ပွားကြ၏ ။ ယဇ်ကို ပူဇော်ကြ၏ ။ မင်္ဂလာကို ပြုကြ၏ ။ အာပတ်ကို ဖြေကြ၏ ။

ဤသို့ပြုခြင်းအားဖြင့် တမလွန်၌ နတ်ပြည်သို့ရောက်၏ ။ ပစ္စုပ္ပန်၌လည်း စည်းစိမ်ချမ်းသာများကို ရရှိ၏ ဤသို့ ဗြာဟ္မဏများက ယုံကြည်ကြ၏ ။ ယဇ်ပူဇော်မှုကို ပြုရာတွင် တိရစ္ဆာန်များကို သတ်၍ ပူဇော်သည်အထိ ဆောင်ရွက်ကြ၏ ။ ထိုသို့ ဆောင်ရွက်ပါသော်လည်း ဝေဒ၏ သွန်သင်ချက်အရ ယဇ်ပူဇော်ရန် သတ်ဖြတ်ခြင်း ဖြစ်၍ အပြစ်မရှိဟု ဗြဟ္မဏများက ယုံကြည်ကြ၏ ။ ယဇ်ပူဇော်ရန် အတွက် သတ်ခြင်းမဟုတ်ဘဲ အခြားအကြောင်းများကြောင့် သတ်ဖြတ်ခြင်းဖြစ်လျှင် မူ အပြစ်ရှိသည်ဟု ဗြာဟ္မဏများက ယုံကြည်ကြ၏ ။ ယဇ်ပူဇော်ရန်အတွက် သတ်ဖြတ်ခြင်းမဟုတ်ဘဲ အခြားအကြောင်းများကြောင့် သတ်ခြင်းဖြစ်လျှင်မူ အပြစ်ရှိသည်ဟု ဗြာဟ္မဏများက ယုံကြည်ကြ၏ ။

ဗြာဟ္မဏများသည် ယဇ်ပူဇော်ရန် မဟုတ်ဘဲ သူ့အသက်ကို သတ်ခြင်း၊ သူတစ်ပါး ဥစ္စာကိုမတော်မတရား ယူခြင်း၊ မုသားပြောဆိုခြင်း စသော ဒုစရိုက်တို့မှ ရှောင်ကြဉ်ကြ၏ ။ သူတို့သည် ရိုးသားကြ၏ ။ ကံ ကံ၏ အကျိုးကို ယုံကြည်ကြ၏ ။ သို့ရာတွင် ဤနေရာ ၌ ဘက်လိုက်မှုရှိ၏ ။ လောကအမြင်အရ ဒုစရိုက်ဟု သတ်မှတ်ထားသော လုပ်ရပ်တစ်ခုသည် ဝေဒအတွက် ဖြစ်ပါက ဒုစရိုက် မဟုတ်တော့ဘဲ သုစရိုက် ဖြစ်သွားရ၏ ။ သူတို့ ၏ လုပ်ငန်းမှာ ပညာသင်ယူမှု နှင့် ပညာသင်ပေးမှု ဖြစ်၏ ။ မြန်မာစကားပုံ ၌ ` ၀ိနည်းတတ် ကြက်သတ်´ ဟူသည့် အတိုင်း ၀ိနည်းတတ်ပါက အာပတ်မသင့်ရအောင် ကြက်ကို သတ်တတ်သကဲ့သို့ ဗြာဟ္မဏတို့သည် အမျိုးလေးပါးတွင် အမြင့်ဆု့းအမျိုး ဖြစ်၏ ။ အရှင်လတ်လတ်က နတ်ဖြစ်သွားသော `လူသားနတ်´ ဖြစ်၏ ။ ဗြာဟ္မဏတို့သည် အစ ပထမ၌ ရိုးသားဖြူစင် ၍ အလိုရမ္မက်နည်းပါးသူများ ဖြစ်ကြသော်လည်း နောက်ပိုင်း ၌ ကောကျစ်စဉ်းလဲ ၍ အလိုရမ္မက်ကြီးသူများ ဖြစ်လာကြ၏ ။

ထို့ကြောင့် သူတို့သည် အရှင်လတ်လတ်က နတ်ဖြစ်သွားသော အဆင့်သို့ ရောက်အောင် ကောက်ကျစ် စဉ်းလဲမှု၊ အလိုရမ္မက်ကြီးမှုတို့ကြောင့် မရမနေ ရအောင်ယူခြင်း ဖြစ်၏ ။ ထိုအခါ ဗြာဟ္မဏတို့သည် အဆင့်အားဖြင့် တဖြည်းဖြည်း နိမ့်သွားကြလေ၏ ။

သမဏတို့ သည်လည်း မိမိတို့၏ တပအကျင့်ကို များစွာတန်ဖိုးထားကြ၏ ။ ဤနေရာ ၌ သမဏဟူသည် မြတ်စွာဘုရား ၏ တပည့်သာဝက သမဏများ မဟုတ်ကြ။ မြတ်စွာဘုရား ပွင့်တောမမူမီ ကာလကပင် ရှိနှင့်နေပြီး ဖြစ်သော သမဏများ ဖြစ်ကြ၏ ။ နတ်ပြည်သို့ ရောက်သွားကြသည်မှာ ယဇ်ပူဇော်မှုကြောင့် ရောက်သွားကြသည် မဟုတ်၊ တပကို ကျင့်သောကြောင့်သာ ရောက်သွားခြင်း ဖြစ်၏ ။ ဤသို့ သမဏများက ယုံကြည်ကြ၏ ။

ပိဋိကတ်တော်များ၌မူ တပအကျင့်ကို ကျင့်သူကို တာပသ ဟုဆို ၏ ။ တာပသကို မြန်မာဝေါဟာရဖြင့် ရသေ့ဟုပြန်ဆို၏ ။ ဤနေရာ ၌ တာပသ အမည်ရသူ အားလုံးကို သမဏဟု ဆိုခြင်း ဖြစ်ပါ၏ ။ သမဏတို့၏ အကျင့်တပ များကို သင့်လျော်သလို ပြုပြင်၍ ဗြာဟ္မဏတို့ ယူကြပြန်၏ ။ ဗြာဟ္မဏတို့သည် မိမိတို့ ယူသော တပအကျင့်ကို ၀ဲခါနသ ဟူ၍ အမည်ပြောင်းလဲပြီး ခေါ်ကြ၏ ။ နောက်ပိုင်း မြတ်စွားဘုရား၏ တပည့်သံဃာများ ပေါ်ပေါက်လာသောအခါ တပကို ဓုတင်္ဂ ဟူသော အမည်ဖြင့် ကျင့်သုံးကြ၏ ။

ထို့ကြောင့် တပဟူသည် မြတ်စွာဘုရား ပွင့်တော် မမူမီ ကာလက ရှိနှင့် ပြီးသော သမဏတို့၏ ကျင့်စဉ်တမျိုး ဖြစ်၏ ။ ယင်းကိုပင် သင့်လျော်သလို ပြုပြင်၍ ဗြာဟ္မဏတို့ ၀ဲခါနသ အမည်ဖြင့် ကျင့်သုံး၏ ။ ယင်းကိုပင် တစ်ဖန်ပြုပြင် ၍ မြတ်စွာဘုရား၏ တပည့်သာဝကများက ဓုတင်္ဂ အမည်ဖြင့် ကျင့်သုံး၏ ။ ၀ဲခါနသ အမည်ရစဉ်က ကာမသုခလ္လိကာ နုယောဂ သဘောကို ဆောင်၏ ။ ဓုတင်္ဂ အမည်ရသော အခါမှသာ မဇ္ဈိမပဋိပဒါ သဘောကို ဆောင်၏ ။

မြတ်စွာဘုရား၏ သာသနာတော်သည် အရှေ့မှ အနောက်သို့ သွား၏ ။ ထို့ကြောင့် အရှေ့ဘက်ဒေသ၌ ဗြာဟ္မဏတို့၏ အရှိန်အ၀ါ လွှမ်းမိုးမှု နည်းသဖြင့် မြတ်စွာဘုရား၏ သာသနာတော်သည် ရှင်းလင်း၏ ။ လွယ်ကူ၏ ။ သန့်စင်၏ ။ အနောက်ဘက်ဒေသ၌မူ ဗြာဟ္မဏတို့၏ အရှိန်အ၀ါ လွှမ်းမို့းမှု အားကောင်းသဖြင့် မရှင်းလင်း မလွယ်ကူ မသန့်စင်။ ထို့ကြောင့် ဓုတင်္ဂကျင့်စဉ်သည် မဇ္ဈိမဒေသ၏ အနောက်ပိုင်းဘက်၌ အလေးအမြတ်ပြုခြင်း ခံရသော ကျင့်စဉ် ဖြစ်သည်ဟု ပညာရှင်များက ဆိုကြ၏ ။ သို့ရာတွင် ဓုတင်ကျင့်စဉ်သည် ယနေ့ သာသနာတော် တစ်ရပ်လုံး၌ အလေးအမြတ်ပြုခြင်း ခံရသော ကျင့်စဉ် ဖြစ်နေလေပြီ ။

သစ္စာတရားနှင့် ပက်သက်၍ သော်လည်းကောင်း၊ သစ္စာတရားကို ရှာဖွေတွေ့ရှိရေးနှင့် ပက်သက်၍ သော်လည်းကောင်း ပညာရှင်များသည် လက်ရှိ အခြေအနေကို မကျေနပ်၍ တော်လှန်သော သဘောဖြင့် ယောက်ယက်ခတ်မှု ကြိုးပမ်းနေကြချိန်တွင် သိဒ္ဓတ္ထမင်းသားကို ဖွားမြင်ခဲ့၏ ။ သိဒ္ဓတ္ထမင်းသား ဖွားသက္ကရာင်္ဇမှာ မဟာ သက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့် သောကြာနေ့ ဖြစ်၏ ။ ဖခမည်းတော်မှာ သုဒ္ဓေါဒန ဖြစ်၍ မယ်တော်မှာ မာယာဒေ၀ီ ဖြစ်၏ ။ မျိုးနွယ်စဉ်မှာ သကျဝံသ ဖြစ်၏ ။ အမျိုးမှာ ခတ္တိယ ဖြစ်၏ ။ အနွယ်မှာ ဂေါတမ ဖြစ်သည်။

ထိုအချိန်က မဇ္ဈိမဒေသ၏ အရှေ့ဘက်၌ ခတ္တိယတို့သည် အရှိန်အ၀ါထွန်းပကြ၏ ။ မာယာဒေ၀ီ၏ ဖခမည်းတော်သည် ဇနက ဖြစ်၏ ။ သူသည် ခတ္တိယဖြစ်၏ ။ နေပြည်တော်မှာ မိတ္ထီလာ ဖြစ်၏ ။ ဇနကမင်းကြီးသည် ဗြာဟ္မဏ၀ါဒကို ဗြာဟ္မဏတို့အား သင်ကြားပို့ချပေးနေသူ ဖြစ်၏ ။ ဗြာဟ္မဏ၀ါဒနှင့် ပက်သက်လာလျှင် ဤမျှလောက် တတ်သူ တော်သူ ဖြစ်၏ ။ သုဒ္ဓေါဒန မှာလည်း ခတ္တိယပင် ဖြစ်၏ ။ အရှေ့ဘက်ဒေသ၌ အမျိုးလေးပါးကို စဉ်ရာတွင် ခတ္တိယသည် အမြင့်ဆုံးနေရာ၌ ရှိ၏ ။ အနောက်ဘက်ဒေသတွင်မူ ခတ္တိယသည် ဒုတိယနေရာ၌သာ ရှိ၏ ။ အမှန်အားဖြင့် ခတ္တိယနှင့် ဗြဟ္မဏတို့သည် ထိပ်ဆုံးနေရာကို ရရှိရေးအတွက် အပြိုင်ဖြစ်ကြ၏ ။ ထိပ်ဆုံးနေရာကို ရမှဝါဒတစ်ရပ်ကို ထူထောင်မှု ၌ အောင်မြင်၏ ။

သကျဝံသ၏ မြို့တော်သည် သက္ကတိုင်း ကပိလ၀တ္တုဖြစ်၏ ။ ကပိလ ၀တ္ထု နိုင်ငံတော်သည် ကြီးမား၍ ကျယ်ပြန့်လှသော နိုင်ငံတော် မဟုတ်။ ထိုခေတ် ထိုအခါက ရှိမြဲဖြစ်သော သူလို ငါလို နိုင်ငံတော်မျိုးသာ ဖြစ်၏ ။ ထို့ကြောင့် ဘုန်းလက်ရုံးနှင့် ပြည့်စုံသော မင်းသားပေါ်ထွန်းရေးကို အားလုံးက တောင့်တကြ၏ ။ ထိုသို့ တောင့်တနေချိန်တွင်ပင် ဘုန်းလက်ရုံးနှင့် ပြည့်စုံသော မင်းသားသိဒ္ဓတ္ထကို ဖွားမြင်လိုက်ရာ သုဒ္ဓေါဒနမင်းကြီး နှင့်တကွ ဆွေတော် မျိုးတော်တို့ မှ စ၍ တစ်နိုင်ငံလုံး ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြ၏ ။ သကျဝံသတို့သည် မိမိတို့၏ နိုင်ငံတော်ကို ဤကမ္ဘာမြေပြင်တွင် အကြီးမားဆုံးသော၊ တစ်ခုတည်းသော နိုင်ငံတော်အဖြစ်သို့ ရောက်အောင် အာဏာစက် ဖြန့်လိုကြ၏ ယခု ဖြန့်နိုင်သော ဘုန်းတန်ခိုး အာနုဘော်နှင့် ပြည့်စုံသော မင်းသားသည် သူတို့၏ နိုင်ငံတော်၌ ဖြစ်ပေါ်ခဲ့လေပြီ။ ထို့ကြောင့်သူတို့သည် အာဏာစက် ဖြန့်နိုင်ကြပြီ။ သူတို့သည် ဤသို့တွေး၍ ပျော်ကြခြင်းဖြစ်၏ ။

သို့ရာတွင် သိဒ္ဓတ္ထမင်းသားသည် သူတို့မျှော်လင့်ထားသည့်အတိုင်း ဤကမ္ဘာမြေပြင်၌ တစ်ခုတည်းသော နိုင်ငံတော်ကို တည်ဆောက်ရန်မကြိုးပမ်းဘဲ ဘုရားဖြစ်ရန် တောထွက်သွားမည်ကို သူတို့မသိကြ ။ တောထွက်မသွား နိုင်အောင်လည်း နှောင်ဖွဲ့ကြ၏ ။ နှောင်ဖွဲ့ခြင်းကပင် အလောင်းတော်မင်းသား၏ တောထွက်လိုစိတ်ကို မြေတောင်မြှောက်ပေး နေမှန်း သူတို့မသိကြ ။ မသိ၍သာ သကျဝံသ တို့သည် မိမိတို့ မျှော်လင့်ချက်နှင့် မိမိတို့ ပျော်နေကြခြင်း ဖြစ်၏ ။ သူတို့၏ ပျော်ရွှင်မှုကား စစ်မှန်သော ပျော်ရွှင်မှုမဟုတ်၊ တစ်နေ့တွင် ၀မ်းနည်းကြရမည့် ပျော်ရွှင်မှုသာ ဖြစ်၏ ။ ၀မ်းနည်းမှုကို ရင်ဝယ်ပိုက်ထားသော ပျော်ရွှင်မှုဟု ဆိုလျှင် ပို၍ နားလည်ဖွယ်ရှိ၏ ။ အစ ပထမ၌ သိဒ္ဓတ္ထမင်းသားသည် ခတ္တိယယဖြစ်၏ ။ တောထွက်ချိန်မှစ၍ ခတ္တိယ မဟုတ်တော့၊ လူအားလုံးနှင့်ဆိုင်လာ၏ ။ လူအားလုံးတို့ ၏ သိဒ္ဓတ္ထ ဖြစ်လာ၏ ။ ခတ္တိယတို့၏ သိဒ္ဓတ္ထ မဟုတ်။ ဘုရားဖြစ်သော အခါ၌ကား လူအားလုံးတို့၏ သိဒ္ဓတ္ထပင် မဟုတ်တော့။ လူ နတ် ဗြဟ္မာ သတ္တ၀ါ အားလုံးတို့၏ သိဒ္ဓတ္ထ ဖြစ်လာ၏ ။

မြတ်စွာဘုရား ပွင့်တော်မမူမီ ကာလက မဇ္ဈိမဒေသတွင် တိုင်းကြီး ၁၆ တိုင်း ရှိသည်ဟု ဆို၏ ။ မြတ်စွာဘုရား ပွင့်တော်မူပြီးနောက် ထိုတိုင်းကြီး ၁၆ တိုင်းကို ဘုန်းလက်ရုံးနှင့် ပြည့်စုံသော မင်းများက တဖြည်းဖြည်း သိမ်းပိုက်ကြလေရာ မြတ်စွာဘုရား ပွင့်တော်မူချိန်တွင် ထင်ထင်ရှားရှား နိုင်ငံကြီး လေးနိုင်ငံသာ ရှိတော့၏ ။ ထိုတိုင်းကြီး ၁၆တိုင်း သည် သင့်လျော်သလို နိုင်ငံကြီး လေးနိုင်ငံ၌ ပူပေါင်းသွားကြ ၏ ။

(၁) မာဂဓတိုင်း - ယင်းသည်အင်္ဂတိုင်းနှင့် ပူးပေါင်း ပါဝင်သွား၏ ။ နေပြည်တော်မှာ ရာဇဂြိုဟ်ဖြစ်၍ မင်းမှာ ဗိမ္ဗိသာရဖြစ်၏ ။

(၂) ကောသလတိုင်း - ယင်း၌ ကာသိတိုင်း ပူးပေါင်း ပါဝင်သွား၏ နေပြည်တော်မှာ သာဝတ္ထိဖြစ်၍ မင်းမှာ ပေဿနဒီ ကောသလဖြစ်၏ ။

(၃) ၀ံသတိုင်း - ယင်း၏ နေပြည်တော်မှာ ကောသမ္ဗီဖြစ်၏ ။ မင်းမှာ ၀စ္ဆရာဇာဥဒယန ဖြစ်၏ ။

(၄) အ၀န္တီတိုင်း - နေပြည်တော်မှာ ဥဇ္ဇေနီဖြစ်၍ မင်းမှာ စန္ဒပဇ္ဇောတဖြစ်၏ ။

ဤနိုင်ငံကြီးလေးနိုင်ငံ၏ မြို့တော်ကြီးများသည် နောင်အခါ မြတ်စွာဘုရား၏ သာသနာတော် ပြန့်ပွားရာ ဗဟိုချက်မကြီးများ ဖြစ်လာပေလိမ့်မည် ။

သိဒ္ဓတ္ထမင်းသားသည် မင်းသားတို့ တတ်အပ်သော အတတ်ပညာများကို ပြည့်စုံစွာ တတ်မြောက်ခဲ့ပြီ။ ကမ်းတစ်ဖက်ရောက် တတ်မြောက်ခဲ့ပြီ ။ ယသောဓရာဒေ၀ီ ကိုလည်း မိဖုရားအဖြစ် သိမ်းပိုက်ပြီးပြီ။ အသိဥာဏ် ဟူသမျှသည် ဥပါဒါန်ကို အခြေခံသည်ချည်း ဖြစ်လေရာ ဥပါဒါနပစ္စယာ ဘဝေါအရ ဘ၀ကို တည်ဆောက်ရာတွင် သိဒ္ဓတ္ထမင်းသား၏ ဥပါဒါန်က တစ်မျိုး ၊ ကျန်ပုဂ္ဂိုလ်များ၏ ဥပါဒါန်က တစ်မျိုး ။ ထိုကြောင့် အမြင်ချင်း မတူခြင်း ဖြစ်၏ ။ သန္တိသုခကို တွေ့ရှိခြင်းဟူသည် အရိယာသစ္စာကို တွေ့ရှိခြင်းပင် ဖြစ်၏ ။ ထို့ကြောင့် အရိယာသစ္စာကို မတွေ့တွေ့အောင် ရှာရန် သိဒ္ဓတ္ထမင်းသားသည် ဆုံးဖြတ်လိုက်၏ ။

သိဒ္ဓတ္ထမင်းသား သည် တစ်ခုသောညဉ့်တွင် နန်းတော်ကို စွန့်ခွာကာ တောထွက်တော်မူ၏ ။ အရိယာသစ္စာကို မတွေ့တွေ့အောင်ရှာရန်ဖြစ်၏ ။ အလောင်းတော်မင်းသားသည် အနော်မာမြစ်၏ တစ်ဖက်ကမ်းသို့ ရောက်သောအခါ မိမိနှင့် အတူပါလာသော ဆန္နအမတ်ကိုလည်း ပြန်လွှတ်၏ ။ ကဏ္ဍကမြင်းကိုလည်း ပြန်လွှတ်၏ ။ မိမိမူကား ရဟန်းပြုလေ၏ ။ မိမိ၏ ဆံတော်ကို သိကြားမင်းက တာဝတိံသာ၌ စူဠာမဏိစေတီ တည်၍ ယင်း၌ ဠာပနာ၏ ။ မိမိ၏ ၀တ်လဲတော်ကို ဃဋိကာရ ဗြဟ္မာက အကနိဋ္ဌာဘုံ၌ ဒုဿစေတီတည် ၍ ယင်း၌ ဌာပနာ၏ ။ ဘုရားအဖြစ်သို့ မရောက်သေးမီကပင် အလောင်းတော်၏ အသုံးအဆောင်များသည် စေတီထိုက်လေပြီ ။

အလောင်းတော်မင်းသားသည် အာဠရ ရသေ့ထံမှ လောကီသမာပတ် ခုနစ်ပါးကိုလည်းကောင်း ၊ ဥဒကရာမပုတ္ထထံမှ လောကီသမာပတ် ရှစ်ပါးကို လည်းကောင်းရရှိတော်မူခဲ့၏ ။ သို့ရာတွင် လောကီသမာပတ် ရှစ်ပါးသည် သံသရမှ ထွက်မြောက်ကြောင်း အရိယာသစ္စာ မဟုတ်သေးသည်ကို သိရသဖြင့် အရိယာသစ္စာကို ဆက်လက်ရှာဖွေရေးအတွက် အလောင်းတော်မင်းသားသည် သချာင်္ဒဿန ဂိုဏ်းဆရာကြီး များဖြစ်သော အာဋ္ဌာရ နှင့် ဥဒကရာမပုတ္တ ရသေ့ကြီးနှစ်ပါးထံမှ ထွက်ခွာခဲ့၏ ။

အလောင်းတော် မင်းသားသည် ဥရုဝေဠတောသို့ ချဉ်းကပ်ကာ တပအကျင့်ကို ခြောက်နှစ်တိုင်တိုင် ကျင့်လေ၏ ။ ပဉ္ဖ၀ဂ္ဂီငါးပါးတို့ကလည်း အလာင်းတော်အား ပြုစုလုပ်ကျွေးကြ၏ ။ သို့ရာတွင် အလောင်းတော်မင်းသားသည် ထိုအချိန်က ကျင့်နည်းလွဲမှားနေသဖြင့် သဗ္ဗညုတဥာဏ်ရှင် ဘုရားသခင်အဖြစ်သို့ ရောက်တော်မမူခဲ့ချေ။ ဘုရားအဖြစ်သို့ ရော်တော်မမူသေးသောကြောင့် သူတည်ထောင်လိုသော နိုင်ငံတော်ကို မတည်ထောင်နိုင်သေးပါချေ။

သူတည်ထောင်လိုသော နိုင်ငံတော်ကား သကျဝံသတို့ မျှော်မှန်းထားသော စကြ၀တေးနိုင်ငံတော်မဟုတ်၊ အရိယာနိုင်ငံတော်သာ ဖြစ်၏ ။ စကြ၀တေး နိုင်ငံတော်၏ ချမ်းသာသည်လည်း ချမ်းသာဖြစ်သည် မှန်ပါ၏ ။ သို့ရာတွင် ထိုချမ်းသာကား ` သိမ်းပိုက်ခြင်း´ လောဘအပေါ် ၌ တည်ဆောက်ထားသော ချမ်းသာဖြစ်၏ ။ ထို့ကြောင့် ပူလောင်လှပါ ၏ ။ အရိယာ နိုင်ငံတော်၏ ချမ်းသာသည် သာလျှင် ချီးမြှောက်ခြင်း အလောဘအပေါ် ၌ တည်ဆောက်ထားသော ချမ်းသာဖြစ်၏ ။ ထို့ကြောင့် ပူလောင်လှပါ ၏ ။ အရိယာနိုင်ငံတော်၏ ချမ်းသာသည် သာလျှင် ချီးမြှောက်ခြင်း အလောဘအပေါ်၌ တည်ဆောက်ထားသော ချမ်းသာဖြစ်၏ ။ ထို့ကြောင့် ငြိမ်းချမ်းလှပါ၏ ။ တစ်ခုသောနေ့တွင် သူတည်ထောင်လိုက်သော အရိယာနိုင်ငံတော်၏ ငြိမ်းချမ်းလှသော ချမ်းသာကို ကိုယ်တွေ့ ကြုံစေအံ့ ဟူ၍ ကြုံးဝါးရင်း အလောင်းတော် မင်းသားသည် ဆက်လက် ကျင့်ကြံ ကြိုးကုတ် အားထုတ်လျက်ပင် ရှိပါလေ၏ ။

ဦးရွှေအောင်

မဟာဝိဇ္ဇာ (သက္ကတ)၊ ၀ဋံသကာ နှင့် သိရောမဏိ


ဦးစီးအရာရှိစားပွဲတွင်

“ဘာကွ.... ပြန်ပြောစမ်း... ”

“ကျွန်တော်တို့ ဆန္ဒပြချင်လို့ပါ... ဆရာ”

“ဘယ်မှာလည်း လျှောက်လွှာ.. ... ပြစမ်းပါဦး..။”

“လျှောက်လွှာတင်ရမှာလား... ဆရာ”

“အာ .. ဘယ်လိုလူတွေလည်း လျှောက်လွှာမတင်ပဲ ခင်ဗျားတို့ကို ဘယ်သူခွင့်ပြုပေးမှာလည်း.. ”

“ဒီမှာသေချာနားထောင်..

အခု ခင်ဗျားတို့ ၀င်လာတဲ့ ရုံးပေါက်ရဲ့ ဘယ်ဘက်အခြမ်းမှာ စာရေးမတစ်ယောက်ရှိတယ်

သူဆီမှာ လျှောက်လွှာဝယ် ပြီးရင်... သူ့အနောက်က လက်ထောက်ကြီးကြပ်ရေးမှုးဆီမှာ

လျှောက်လွှာဖြည့်ပြီး ... စိစစ်ခိုင်း.. ပြီးရင် ကြီးကြပ်ရေးမှုးဆီမှာ စာအ၀င် မှတ်ပုံတင်စာရင်းသွင်း

အဲဒါအားလုံးပြီးရင် အဲဒီလျှောက်လွှာကိုယူပြီး ကျုပ်ဆီ ပြန်လာခဲ့.... ကြားလား သေချာမှတ်သွားဦးနော် ”

“ဟုတ်ကဲ့ ကျေးဇူးပါဆရာ”

“ ဟေ့ဟေ့ နေဦး.. နေဦး..

ဒီမှာ ကျုပ်ခုဏ စကားပြောမှား သွားလို့.. ဒီရုံးမှာ လျှောက်လွှာကို ရောင်းမစားဘူးနော်...

အေး ဒါပေမယ့် လျှောက်လွှာဆိုတာ အလကားရတဲ့ ပစ္စည်းလည်း မဟုတ်ဘူး ... ကိုယ်ဘာသာ နားလည်မှုရှိပါ..။”

စာရေးမစားပွဲတွင်

“အစ်မလေး လျှောက်လွှာတစ်စောင်လောက်”

“ဒီမှာ နည်းလမ်းနှစ်ခု ရှိတယ်.... လျှောက်လွှာကို မရောင်းဘူး ဒါပေမယ့် လျှောက်လွှာတွေက

အလကားရတာ မဟုတ်တော့ လျှောက်လွှာ တစ်စောင် လိုချင်ရင် မိတ္တူ အစောင်ငါးဆယ် ကူးပေးမလား

စေတနာ အလျှောက် ငွေကြေးထည့်ဝင်မလား နည်းလမ်းနှစ်ခုရှိတယ် ... ကြိုက်တဲ့ တစ်ခုရွေးပါရှင်.. ”

“ဟာ ရပါတယ်အစ်မ.. ကျွန်တော်တို့ စေတနာထက်သန်ပါတယ်”

လက်ထောက်ကြီးကြပ်ရေးမှုးစားပွဲတွင်

“ငါ့မောင်တို့က ဘာလုပ်မလို့လည်း ... ”

“ဆန္ဒပြမလို့ပါ.. ”

“အော်အေးအေး... ဒီနေရာမှာ အသက် အမည် နေရပ်လိပ်စာ မှတ်ပုံတင်နံပါတ် ပါတ်စပို့နံပါတ် ကိုယ်ရေးရာဇ၀င်အကျယ် ... အခုဦးဆောင်တဲ့လူ သုံးယောက်လုံး အဲဒီအတိုင်း အကုန်ဖြည့်ရမယ်...

ဟုတ်ပြီ ဒီနေရာမှာ ဓါတ်ပုံကပ် ... ဟိုဘက်နေရာလေးမှာ လက်မှတ်ထိုး... ။ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာကို အနောက်ဘက်မှာတွဲ ... အကျင့်စာရိတ္တကောင်းကြောင်း ထောက်ခံစာကို အလယ်မှာ ညှပ် ...ဟုတ်ပြီ ”

“ကဲငါ့မောင်တို့ ပြီးရင် ကြီးကြပ်ရေမှုး စာပွဲမှာ စာဝင်သွားလုပ်လိုက်နော်... ”

“အစ်မတို့က တော့ အခက်အခဲ ရှိတဲ့လူအချင်းချင်း နားလည်စာနာပါတယ်.. မောင်လေးတို့လည်း အများကောင်းဖို့ လုပ်နေတဲ့လူတွေမဟုတ်လား နားလည်မှု ရှိမှာပေါ့နော်...။ ”

“ဗျာ ဟုတ်ကဲ့... ကျွန်တော်တို့ နားလည်တတ်ပါတယ်.. ”

ကီးကြပ်ရေးမှုး

“ပြော ဘာကိစ္စလည်း .. ”

“ကျွန်တော်တို့ လျှောက်လွှာလေး စာဝင်ထည့်ပေးပါ... ”

“ဟာ ... ခင်ဗျားတို့ က ဒီအချိန်မှဗျာ.. ကျွန်တော်က လျှောက်လွှာ စာအ၀င်ကို

ဆယ်နာရီခွဲအထိပဲ လက်ခံတာ.. အခု ဦးစီးကခေါ်လို့ အစည်းအဝေးမှာ လက်ဖက်ရည်သွားသောက်ရဦးမယ်

မနက်ဖြန်မှာ လာခဲ့တော့ဗျာ... ”

“မလုပ်ပါနဲ့ ဆရာရယ် ကျွန်တော်တို့ မနက်ဖြန်ဆို မဖြစ်လို့ပါ ကိစ္စကလည်း အရေးကြီးလို့... ကျွန်တော်တို့

သိတတ်မှာပါဆရာရယ်...။ ”

“တော်ရုံတန်ရုံ သိတတ်တာနဲ့တော့ အလုပ်မဖြစ်ဘူးဗျာ သေသေချာချာ သဘောပေါက်သိတတ်မှထိရောက်မှာ ”

“ရပါတယ်ဆရာရယ် ကျွန်တော်တို့ နက်နက်ရှိုင်းရှိုင်း သိတတ်မှာပါ... ”

“အဲဒါဆိုလည်း ခင်ဗျားတို့မို့ ကျွန်တော်လုပ်ပေးလိုက်မှာ...။”

ဦးစီးအရာရှိ

“ဘာကိစ္စလည်း ”

“ခုဏတုန်းက ကိစ္စပဲ... ”

“အာ ဒီလူတွေခက်ပြီ.. ခုဏတုန်းက ကိစ္စတွေက အများကြီးပဲ...

ကျပ်အခုတင် အပေါ့အလေးသွားပြီးပြန်လာတာ အရင်က ကိစ္စတွေ အကုန်မှတ်မိနေစရာ မလိုဘူး”

“ဟို .. မဟုတ်ပါဘူးဆရာရယ်..ကျွန်တော်တို့ ဆန္ဒပြဖို့ ခုဏလာပြောတဲ့ လူတွေပါ..

အခုလျှောက်လွှာတင်မလို့... ”

“အဲဒါ... ရှင်းရှင်းလင်းလင်းပြောပါလား

ဒီလောက်အလုပ်ရှုပ်တဲ့ ကြားက ခင်ဗျားတို့ အလုပ်မရှိအလုပ်ရှာ ဆန္ဒပြချင်တဲ့ လူတွေကတစ်မျိုးပဲ

ပြော... ဘာကြောင့် ဆန္ဒပြမှာလည်း... ”

“အဲဒီ... အလုပ်မရှိတဲ့ အကြောင်းကိုပဲ ဆန္ဒပြမှာပါ.. ဆရာ... ”

“ဘာ.....

ခင်ဗျားတို့ကို နိုင်ငံတော်က အလုပ်မရှိလို့ ဆိုပြီး လူမှုဖူလုံရေး ရံပုံငွေပေးထားတယ်

ခင်ဗျားတို့က အဲဒီပိုက်ဆံနဲ့ စားသောက်နေပြီး ဗိုက်ဝတော့ ဆန္ဒပြဖို့ စဉ်းစားတယ်...

ခင်ဗျားတို့ ကျေးဇူးကန်းရာ မရောက်ဘူးလား... ”

“အဲဒီလူမှုဖူလုံရေး ရံပုံငွေက ဆေးလိပ်ကွမ်းယာဖိုးလောက်ပဲ ရလိုပါဆရာ.. ”

“ဘာကွ.. အဲဒါနဲ့ ထောက်ပံ့စရိတ်ပိုလိုချင်တယ်ပေါ့.. လူဆိုတာ ရောင့်ရဲတတ်ရတဲ့ဗျ

ကွမ်းယာကျွေးတဲ့လက်ကို ပြန်မကိုက်ရဘူး... ”

“ဟာ မဟုတ်ပါဘူးဆရာ ကျွန်တော်တို့ ဆန္ဒပြမှာ အလုပ်မရှိလို့ပါ..

လူမှုဖူလုံရေး ရံပုံငွေကလည်း လုံလောက်ပါတယ်.. ဒါပေမယ့် ကျွန်တော်တို့ ၀န်ထုတ်ဝန်ပိုးကို

နိုင်ငံတော် ကို မထမ်းစေချင်ဘူး ... ကျွန်တော်တို့လည်း အခွန်ထမ်းပြီး နိုင်ငံတော်ကို ပြန်ကူညီချင်လို့ပါ”

“အဲဒါဆိုလည်း ပြီးရော... လျှောက်လွှာထားခဲ့လိုက်

နောက်ခြောက်လနေရင် ပြန်လာခဲ့... ”

“ဗျာ... ဆရာ

ကျွန်တော်တို့ အလုပ်မရှိတာ နောက်ခြောက်လနေမှ ဆန္ဒပြရမယ်... ”

“ဒါ ... ဒီမိုကရေစီနိုင်ငံဗျ ဥပဒေအတိုင်း လုပ်ထုံးလုပ်နည်းအတိုင်း သွားနေတာ

ခင်ဗျားတို့ရှေ့မှာ လျှောက်လွှာပေါင်း ရှစ်ရာကျော်ရှိတယ် အဲဒါကို အစဉ်လိုက်ခွင့်ပြုပေးနေရတာ ...

ကျုပ်တို့မှာ အကုန်လုံး သေချာ စိစစ်နေရသေးတာ... ခင်ဗျားတို့က ဆန္ဒပြရပြီးရော လုပ်ချင်လို့ရမလားဗျ

အေး ... မြန်ချင်ရင်တော့ ကိုယ့်ဘာသာ နည်းလမ်းရှာလုပ်... အရှေ့က စတိုးဆိုင်မှာ တော့ ဆန္ဒပြခွင့်ပါမစ် တွေရောင်းတယ် ကြားဖူးတယ် ... ကျုပ်တော့ သေချာမသိဘူး ကိုယ့်ဟာကိုယ်သာ စုံစမ်းတော့ဗျာ... ကျုပ်စားပွဲပေါ်မှာတော့ ... ဥပဒေအတိုင်းပဲ သွားတာ...

ကဲခင်ဗျားတို့ ကိစ္စပြီးရင်သွားတော့ဗျာ...

ဘယ်လို လူရှုပ်တွေမှန်းမသိဘူး .. အလုပ်မရှိတာကို ဆန္ဒပြမလို့တဲ့ ကြားမကြားဖူးပေါင်”

အောင်ပိုင်စိုး